ကျောက်ပန်းတောင်း ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပလျက်ရှိသည့်၊ အိုလံပစ်နေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-19 အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို၊ ဇွန်လ(၂၃)ရက်နေ့ နံနက် (၉)နာရီက မြို့နယ်အားကစားပြိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ လူငယ်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်၊ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် U-19 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို၊ အခြေခံပညာ အထက်တန်း ကျောင်းများမှ အသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး၊ ယနေ့ကျင်းပသည့် ဗိုလ်ပွဲတွင် အ.ထ.က(၁) အမျိုးသမီးအသင်းနှင့် အ.ထ.က လက်ပံပျား အမျိုးသမီးအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး၊ ပွဲချိန်ပြည့် တစ်ဖက် တစ်ဂိုးစီဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာမှ အချိန်ပို (၁၀) မိနစ် ဆက်လက်ကစားခဲ့ကြပြီး၊ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ကြခြင်းမရှိသဖြင့် နောက်ဆုံးတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကန်ခဲ့ကြရာ၊ အ.ထ.က(၁) အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဘောလုံးပြိုင်ပွဲ အပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများနှင့် ပထမ/ဒုတိယ ဆုရအားကစားသမားများကို ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦး စီးမှူးနှင့် ဌာနဆိုင်ရာများကလည်းကောင်း၊ ဒုတိယဆုရအသင်းဆုဖလားနှင့် ငွေသားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးမင်းက ပေးအပ်ပြီး၊ ပထမဆုရ အသင်း ဆုဖလားနှင့် ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က ပေးအပ်ရာ၊ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစား သမားများက လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)