အလုံ ဇွန်လ ၂၃
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ ၊ မွန်းတည့် ၁၂ နာရီက အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ်တွေ့ရှိခြင်း၊ ရောင်းဝယ်ခြင်းခြင်းဖြင့် အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်ထိန်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် မူးယစ်အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များနှင့် လက်ကမ်းစာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ ဆက်)