ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးလှကြည် ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကံပိုက မှုခင်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်​အေးမဥ္ဇူက ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စုမှ ဒုတိယရဲမှူး မင်းမင်းထက်က မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ် ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သော အချက်များ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစွာ ဘဝနေထိုင်နည်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဂျူးဂျူးမက အားကစားဆိုင်ရာများကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်နွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

အေးမဉ္ဇူ (ပြန်/ ဆက်)