ကွမ်းလုံ ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်း အဆင့် ပုံတူပန်းချီ ဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမှတ်(၁) အခြေခံပညာ မူလတန်းလွန် ကျောင်းမှ Grade-5 နှင့် Grade-6 ကျောင်းသားကျောင်းသူများဖြင့် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပုံတူပန်းချီဆွဲပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများက တိုက်ဖျက်ကာကွယ် မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပုံတူပန်းချီအား ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲဝင် ဆုရကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)