ဖယ်ခုံမြို့နယ်၌ အသက် ၈၀ နှင့် ၈၅ နှစ်ကြား သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးအပ်

ဖယ်ခုံအောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှင့် ၈၅ နှစ်ကြား သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေ ၃၀၀၀၀ကျပ်စီကို ယနေ့နံနက် နာရီက နန်းဟူးရပ်ကွက်တွင် အိမ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နန်းဟူးရပ်ကွက်အတွင်းရှိ ဘိုးဘွားလေးဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိနွယ်နှင့် ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းတို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီနေ့ထောက်ပံ့တာကတော့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အနေနဲ့ အသက် ၈၀ နှစ် တင်းတင်းပြည့်ပြီးတော့ ၈၅ နှစ်မပြည့်သေးတဲ့ အဘိုးအဘွားတွေကို ထောက်ပံ့ကြေးပေးတာ ဖြစ်ပါတယ်။ ဖယ်ခုံတစ်မြို့နယ်လုံးအနေနဲ့ ၁၇၃ ဦးရှိပါတယ်။ ပုံမှန်ဘိုးဘွားပင်စင် ထောက်ပံ့ကတော့ ၁၃၃ ဦးရှိပါတယ်ဟု လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိနွယ်က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၌ မြို့နယ်အတွင်းမှ ၁၇၉ ဦး စာရင်းတင်ထားရှိရာတွင် ၁၇၃ ရရှိခဲ့ပြီး ကျန်ဦးရေမှာ ဘိုးဘွားပင်စင်ထပ်တိုးစာရင်းတွင် ပါရှိကြောင်း၊ အဆိုပါထောက်ပံ့ကြေးများကို ဘိုးဘွားတို့၏ ဘ၀ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း ဒုတိယဦးစီးမှူး ဒေါ်အိအိနွယ်က ဆက်လက် ပြောကြားသည်။

အသက် ၈၀ နှင့် ၈၅ နှစ်ကြား သက်ကြီးရွယ်အိုတွေကို လူမှု၀န်ထမ်းဌာနကနေ ထောက်ပံ့ကြေးများ လာရောက်ပေးအပ်တဲ့အတွက် သက်ကြီးရွယ်အိုများကိုယ်စား ကျွန်တော်တို့ ရပ်ကွက်က ကျေးဇူးတင်ပါတယ်ဟု နန်းဟူးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောကြားခဲ့သည်။

ကိုထွေး(ဖယ်ခုံ)