ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင် ခဲ့သူများနှင့် သင်ကြားရေး ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်

ဆွမ်ပရာဘွမ် ဇွန် ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေး ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဂုဏ်ပြု အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးက ကျေးဇူးတင်စကားပြောကြားကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းဖြေဆိုရာတွင် နှစ်ဘာသာဂုဏ်ထူးရှင်၊ တစ်ဘာသာဂုဏ်ထူးရှင်နှင့် ရိုးရိုးတန်းဖြင့် ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်အောင်ချက် မြင့်မားရေးသင်ကြား ဆရာ/ဆရာမ များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းကိုလည်းကောင်း၊ ကက်သလစ်(ဘော်ဒါ)ဆောင်မှ ဆရာ/ဆရာမ များကိုလည်းကောင်း ဂုဏ်ပြုဆုငွေများအား တာဝန်ရှိသူများက ဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အခြေခံ ပညာအထက်တန်း ကျောင်းသား/ကျောင်းသူများက Thank You Teacher သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ ကျောင်းသား/ကျောင်းသူများ တက်ရောက်အားပေးကာ စု‌ပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ပြန်/ဆက်)