မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

မိုးညှင်း ဇွန် ၂၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇွန်လ(၂၃)ရက် နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နောင်စွန်း၌ ကျင်းပသည်။

အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နောင်စွန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာမည့်ဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဌာနမှခင်းကျင်းပြသသည့် သုတရတစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ သဘာဝဘေးအန္တရာယအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ရွှေမိုးညှင်း (ပြန်/ဆက်)