ငါန်းဇွန်မြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

ငါန်းဇွန် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား မူးယစ်အစမှာ ဆေးလိပ်ကစခဲ့ပြီး ထိုမှတစ်ဆင့်တက်၍ အရက်ကိုသုံးစွဲ၊ နောင်ဝယ်လူညွန့်တုံး၊ အမှောင်ဖုန်း ဘဝပျက်စေသည့် ဘိန်းဖြူအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာ အသိပညာပေး”ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေး ဆုံးရှုံး မှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး အခြေခံကိုယ်လက် လှုပ်ရှားအားကစား လေ့ကျင့်ခန်းများကို လက်တွေ့သရုပ်ပြပြီး၊ ကိုယ်လက်လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူဖြစ်စေကြောင်း ရှင်းလင်းဆွေးနွေးဟောပြောကာ ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမဒေါ်သက်သက်နွယ်က လက်ခံရယူသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                     

သက်နောင်ဦး