ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် တောင်လွှဲကျေးရွှာ တောင်သူ(၃၀)ဦးအား တစ်ဧက ငွေကျပ်(၂)သိန်းနှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့

​ကျောက်ဆည် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ တောင်လွှဲကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမလုပ်ငန်း အသင်းလီမိတတ်မှ အသင်းဝင်တောင်သူ(၃၀)ဦးအား မိုးစပါးတစ်ဧက ငွေကျပ်(၂)သိန်းနှင့်ညီမျှသော မျိုးစပါးနှင့်သွင်းအားစုမြေဩဇာများ ထောက်ပံ့ထုတ် ချေးပေးခြင်းကို ယမန်နေ့ညနေ (၅) နာရီက တောင်လွှဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းလီမိတက်မှ ရန်ပုံငွေများဖြင့် တောင်လွှဲကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမလုပ်ငန်းလီမီတက် အသင်းဝင်/အသင်းသားတောင်သူ(၃၀)ဦးအား မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲမရှိစေရေးနှင့် တောင်သူလုပ်ငန်းများ ဖွံ့ဖြိုးတက်လာစေရေး မိုးစပါးစိုက်ဧက(၁၀၀)အတွက် တစ်ဧကငွေကျပ် (၂)သိန်းနှင့်ညီမျှသော မျိုးစပါးနှင့်သွင်းအားစု မြေဩဇာများထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ ငွေများကို (၆)လပြည့်ပါက အတိုး(၁)ကျပ်နှုန်းဖြင့် ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်း၊ ပေးဆပ်ငွေများ အပြေအကျေ ပြန်လည်ပေးဆပ်ပြီးပါက ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက် ယခုကဲသို့ တစ်ဧကငွေကျပ် (၂)သိန်းနှုန်းနှင့်ညီမျှသော သီးနှံမျိုးများနှင့်သွင်းအားစုမြေဩဇာများ ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ထွန်းဦး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများက တောင်လွှဲကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမလုပ်ငန်းလီမိတက် အသင်းဝင်တောင်သူ(၃၀)ဦးအား ဧရာမင်းမျိုးစပါးများနှင့် စမ်းဝတီ သဘာဝဓာတ်မြေဩဇာများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)