သီပေါ ဇွန်၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နော်ရောတင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်းက မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းကြောင့်ရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုး၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများလည်းကောင်း၊ ဒုရဲအုပ် ထွန်းဝင်းစိုးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုအစိတ်အပိုင်း (၃)ရပ်၊ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှုအခြေအနေများစသည့် လူကုန်ကူးမှုနှင့်ပတ်သက်၍လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)