မော်လမြိုင် ဇွန် ၂၃
မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖနှင့် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်း လေဘေးသင့်ပြည်သူများအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုရှိ တပ်ရင်း/ တပ်ဖွဲ့များနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့တွင် စုပေါင်းလှူဒါန်းခဲ့တဲ့လှူဒါန်းမှုမှာ ငွေသား ကျပ် ၃၄၀,၀၇၂,၁၅၀/- အပါအဝင် ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဆား၊ ရေသန့်စသည့် စားသောက်ကုန်များ၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ ယပ်များ၊ အဝတ်အထည်နှင့်ထောက်ပံ့ပစ္စည်းများစွာကို လက်ခံရရှိခဲ့ကြောင်း၊ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စေတနာရှင် အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များမှ အလှူငွေနှင့်ပစ္စည်းများအား ဆက်လက်လှူဒါန်းလျက်ရှိသဖြင့် စနစ်တကျလက်ခံ၍ လွှဲပြောင်းပေးပို့လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်စုံ၊ ထောင့်စုံမှ ကူညီပံ့ပိုးပေးမှု လေဘေးသင့်ပြည်သူများအတွက် တတ်အားသမျှ လှူဒါန်းပေးမှုအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ရန်အတွက် မွန်ပြည်နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်အားဖြည့် ကူညီဆောင်ရွက်ရန်အတွက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ရခိုင်ပြည်နယ်သို့ သွားရောက် တာဝန်ထမ်းဆောင်ကြသည့် အဖွဲ့များအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ယနေ့လှူဒါန်းကြသော စေတနာရှင်၊ အလှူရှင် အားလုံး စီးပွား၊ လာဘ်လာဘတိုးတက်ပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များမှ အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများမှ အသီးသီးလက်ခံခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြသည်။
မိုခါမုန်တိုင်းကြောင့် လေဘေးသင့်သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ပြည်သူများအတွက် (ဒုတိယအကြိမ်) ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များ၏ ငွေသားလှူဒါန်းမှုနှင့် ဆန်၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်ဗူးနှင့် ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်းလှူဒါန်းငွေကျပ် (၂၆၅၅၄၉၅၀၀) ဖြစ်ကာ ပထမအကြိမ်နှင့်ဒုတိယအကြိမ် ငွေသားနှင့်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် (၆၅၅၆၂၁၆၅၀) ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ Biometric Enrollment and UID Management System သင်တန်းသားများနှင့် တာဝန်ရှိသူများမှ လက်တွေ့ မြေပြင်ကွင်းဆင်းကောက်ယူခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူမှ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူရန် ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က e-ID စနစ်လုပ်ငန်းစဉ်များ ဖြစ်သည့် e-ID Database System အတွင်းသို့ Biograohic နှင့် Biometric အချက်အလက်များ ကောက်ယူထည့်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် နိုင်ငံအတွင်း နေထိုင်သူအားလုံး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique Identity (UID) ထုတ်ပေးနိုင်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိကြီးများ၊ အရာထမ်း၊ အမှုထမ်းများအား Biometric အချက်အလက်များ ကောက်ယူ ထည့်သွင်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)