ပင်းတယ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပင်းတယ ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာညီညီနိုင်ရေးသားသည့် “အောင်မြင်ရေးသော့ချက်” စာအုပ်မှ “ရည်မှန်းချက်”ခေါင်းစဉ်၌ပါရှိသည့် အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အဆိုပါစာအုပ်တွင်ပါရှိသည့် “အောင်မြင်ရေးသော့ချက်၊ အပြုသဘောဆောင်သော စိတ်နေသဘောထား” အစရှိသည့် ခေါင်းစဉ်များအောက်တွင် ပါရှိသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)