အင်းစိန်မြို့နယ်၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေး အသိပညာပေး နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသားများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေး အသိပညာပေး နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ဇွန်(၂၂)ရက်နေ့ နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမတွင် ကျင်းပသည်။ ကျင်းပရာတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုဥက္ကဋ္ဌ (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့- အငြိမ်းစား) ရဲချုပ် စိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုက အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟို အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးမြင့်ခိုင်က မူးယစ်ဆေးဝါးအန္တရာယ် သတိပြုဖွယ်များအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များအကြောင်း၊ အင်းစိန်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်က ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ အကြောင်း၊ အင်းစိန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ခင်ခင်ဝင်းက သုံးစွဲသူများ ကုသရေး ဆောင်ရွက်ချက်များအကြောင်း၊ အင်းစိန်မြို့နယ်၊ ဥပဒေရုံး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်စုစုဝင်းက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး မှုခင်းများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲမှူး သိန်းစိုးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးမှုခင်းများအကြောင်း၊ အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံ မဏိ−တောင်တွင်းကြီး)က မြို့နယ်အတွင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဆောင်ရွက်ချက်များအကြောင်း စသည်တို့ကို အသီးသီးပြောကြားခဲ့ပြီး အင်းစိန်မြို့နယ်၊အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား မောင်အေးချမ်းမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့်ကျောင်းသား၊ကျောင်းသူများက လှည့်လည်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ ဆက်)