မြင်းခြံ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
"ကျောင်းသား/ကျောင်းသူများအနေနဲ့ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအပြင် အသိပညာဗဟုသုတများကို ပိုမိုလေ့လာပြီး မိမိတို့သိရှိထားသည့် အကြောင်းအရာများကို ချပြခွင့်ရရှိနိုင်အောင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကဗျာပြိုင်ပွဲ နှင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်" လို့ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲသို့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက-ခွဲ(အလင်းရောင်) ကျောင်းတို့မှ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၇) ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပေးအပ်ပွဲကို ဇွန်လ (၂၆) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)