ပူတာအို ဇွန် ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ ဦးဇာမဲဒီး၏ စိုက်မြေတစ်ဧကတွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင်များ စိုက်ပျိုး၍ မွေးမြူရေးစနစ်ကိုကျင့်သုံးပြီး ဒေသခံ တိရစ္ဆာန်မွေးမြူသူများအနေဖြင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်ပြီး ယမန်နေ့ ညနေပိုင်းက နေဗီယာမြက်များ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်အစာပင် နေဗီယာမြက်များ စိုက်ပျိုးရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဒေါက်တာအောင်လွင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဟန်ငွေထွန်းနှင့် ဝန်ထမ်းများ၊ နွားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတောင်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးပွဲတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က တက်ရောက်လာသူများအား တိရစ္ဆာန်အစာပင် နေဗီယာမြက်များ စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နေဗီယာမြက်သည် ပရိုတင်းပါဝင်မှုများသဖြင့် တိရစ္ဆာန် ကြီးထွားနှုန်း မြန်စေရန်အတွက် တောင်သူများကိုယ်တိုင် စိုက်ပျိုးကျွေးခြင်းဖြင့် အစာစရိတ် သက်သာလွယ်ကူစေပြီးတန်ဖိုးမြင့် ထွက်ကုန်ရရှိစေကာ တစ်ခါစိုက်ပျိုးထားပါက (၇)နှစ်၊ (၈)နှစ်အထိ ရိတ်သိမ်းကျွေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဟန်ငွေထွန်းထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)