တောင်ဥက္ကလာပ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက်(၁၀:၀၀) အချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မွန်မြတ်ရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါက်တာနှင်း၊ ဒေါ်သီတာမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်စေရေးကို အလေးထားကြိုးစားကြစေ လိုကြောင်း ပညာတတ်လူတော်လူကောင်းများ ပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက "လူငယ်နှင့်စရိတ္တ" အသိပညာပေးခေါင်းစဉ်ဖြင့် စရိတ္တမဏ္ဍိုင်ကြံ့ခိုင်မှသာ နိုင်ငံနှင့်လူမျိုးတိုးတက်မည်ဖြစ်ကြောင်း အဖိုးတန်လူငယ်တစ်ယောက် ဖြစ်မြောက်လာစေရန်အတွက် ဘာသာရပ်ဆိုင်ရာ ကျောင်းသင်ခန်းစာများ၌ ကျွမ်းကျင်နှံ့စပ်ရုံဖြင့် မလုံလောက်ဘဲ့ စရိတ္တကောင်းများနှင့်ပြည့်စုံရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်တို့အား လိမ္မာရေးခြားရှိစေရန်၊ စည်းကမ်းရှိစေရန်၊ လမ်းမှားမလိုက်စေရန် ဟောပြောခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်က လူငယ်များ အားကစားပြုလုပ်ခြင်းအလေ့အထရှိသင့်ကြောင်း၊ ကျန်းမာရေးအတွက် အားကစားပြုလုပ်သင့်ကြောင်း၊ အားကစားပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့မြို့နယ်၊ နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်နိုင်မည့် အားကစားသမားများ ဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိနှင့်၀န်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဉီးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များ နှင့်စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ ဆက်)