တံတားဦး ၊ အောက်တိုဘာ - ၉
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများ ချိတ်ပိတ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကောက်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါကြိုတင်မဲပုံးများ ချိတ်ပိတ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်က ကြိုတင်ဆန္ဒမဲ ပုံးများ ချိတ်ပိတ်မည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်၍ ကြိုတင်ဆန္ဒမဲပုံးများကို တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအား ပေးပို့ထားပြီးဖြစ်ရာ ၎င်းတို့မှ ဆန္ဒမဲပေးပြီး ပြန်လည်ပေးပို့လာမည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို သိမ်းဆည်းထားနိုင်ရန်အတွက် ကြိုတင်၍ ချိတ်ပိတ်ခြင်းဖြစ်ကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များမှာ ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက် သက်ဆိုင်ရာ သင်တန်း ၊ ကျောင်း ၊ ဆေးရုံ ၊ အချုပ်ခန်းတို့မှ မဲဆန္ဒရှင်(၂၀)ဦး ၊ ပြည်တွင်းရှိ သက်ဆိုင်ရာ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ (၁၇၃)ဦး ၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင် (၄၆) ဦး တို့ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရပြီးကြိုတင်ဆန္ဒမဲပုံးများကို ချိတ်ပိတ် ခြင်းများဆောင်ရွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ မြို့နယ်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)