နမ့်ခမ်းမြို့၌ ဒေသအသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများအား Facility Quarantine Centre တွင် စောင့်ကြည့်ထားရှိ

နမ့်ခမ်း       အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန် ဆောင်ရွက်ရန် ဒေသအသီးသီးမှ နမ့်ခမ်းမြို့သို့ ယမန်နေ့က ပြန်လည်ရောက်ရှိလာသည့် ပညာရေး ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နမ့်ခမ်းမြို့၊ ဗုဗ္ဗါရုံကျောင်းတိုက် တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre ၌ စောင့်ကြည့်ထားလျက်ရှိသည်။


 (၂၀၂၀) ပြည့်နှစ်၊ ပါတီစုံရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရန်နှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ မဲရုံလုပ်ငန်းသင်တန်းတက်ရောက်ဖို့အတွက် ပညာရေးဝန်ထမ်းတွေ လာရောက်ခြင်းဖြစ်ပါတယ်၊ အခြားဒေသ အသီးသီးကို သွားရောက်ပြီး တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းစုစုပေါင်း(၉၇)ဦး ရောက်ရှိလာမှာဖြစ်ပြီး လက်ရှိမှာတော့(၄၂)ဦးရောက်ရှိလာပြီဖြစ်ပါတယ်၊ ရောက်ရှိလာသူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် Facility Quarantine Centre မှာ (၁၄) ရက်နေပြီး အသွားအလာကန့်သတ်ခြင်းနဲ့ နေ့စဉ် ကျန်းမာရေးစစ်ဆေးစောင့်ကြည့်ခြင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်၊ ကျန်ရှိနေတဲ့(၅၇)ဦးကတော့ ဒီရက်ပိုင်းမှာ အကုန်ပြန်ရောက်ရှိလာမှာဖြစ်ပါတယ် ဟု  မြို့နယ်ပညာရေးမှူး ဦးစိုင်းအိုက်ယုံက ပြောပြသည်။

 
ကျန်းမာရေးစောင့်ကြည့်ထားခြင်းနှင့်ပတ်သတ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင် ဦးဆောင်သည့် မြို့နယ်ရဲမှူး နိုင်လင်းသိန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုင်းလှတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက Facility Quarantine Centre တွင် ကျန်းမာရေး စောင့်ကြည့်ထားရှိသော မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးတာဝန်များကို ဆောင်ရွက်မည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများကို သွားရောက်တွေ့ဆုံပြီး နေရာထိုင်ခင်းများ၊ စားဝတ်နေရေးများ၊ ကျန်းမားရေး စောင့်ရှောက်မှုများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများနှင့် သက်မှတ်ထားသည့် နယ်မြေဒေသ စည်းမျဉ်း စည်းကမ်း များကို ရှင်းလင်း မှာကြားသည်။


နမ့်ခမ်းမြို့ Facility  Quarantine Centre ၌   ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများ(၄၂)ဦးနှင့်၊  အခြားဒေသမှ ပြန်လည်ရောက်ရှိသူ(၇)ဦး စုစုပေါင်း(၄၉) ဦး တို့ကို နေရာထိုင်ခင်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ လုံခြုံရေးများနှင့် အစားအသောက်များအဆင်ပြေစေရန် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ (NMBG) ပရဟိတလူမှုကူညီရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ဆိုင်ထွန်း(ပြန်/ဆက်)