မလှိုင် ဇွန် ၂၃
မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ စာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းအခြေပြု သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ့်နှင်းရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကျောင်းကျန်းမာရေး လုပ်ငန်းများကို ၁၉၂၁ခုနှစ် ကတည်းက စတင်ခဲ့ပါကြောင်း၊ ရန်ကုန်ပညာရေးဘုတ်အဖွဲ့မှ ကျောင်းသားသုံးသောင်းအတွက် ဆရာဝန်နှင့်သွားဘက်ဆိုင်ရာ ဆရာဝန် (၁) ဦးစီ ထားရှိ ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်ကာလရွှေ့လျားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖွဲ့စည်းပုံအသစ်အရ ကျောင်းကျန်းမာရေး လက်စွဲစာအုပ်ပါ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊သူများကို စာပေသင်ကြားပေးရုံ သာမကဘဲ ဘဝတွက်တာကျွမ်းကျင်စရာ (Life Skills Eductation) ဘာသာရပ်များကို သင်ကြားပေးနေရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်ပြီး ပညာရည်တိုးတက် မြင့်မား စေရေးအတွက် ခြင်ကျား၊ ပိုးလောက်လန်းကင်းစင် ကျောင်းဖြစ်စေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်က မိုးရာသီအတွင်း ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးအတွက် ကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ တိုက်၊ ချွတ်၊ ဆေး စသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများမှ ကျန်းမာရေးနှင့်သက်ဆိုင်သော မေးခွန်းများ မေးမြန်းမှုအပေါ် မြို့နယ်ဆရာဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်သွားဆရာဝန် ဒေါက်တာချမ်းသာဦးက သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စနစ်တကျသွားတိုက်နည်းများကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အား စနစ်မှန် သွားတိုက်နည်းကို လက်တွေ့သရုပ်ပြသခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများမှ မျက်စိစမ်းသပ်စစ်ဆေး ပေးပြီးနောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက ကျောင်းအတွင်းလိုက်လံ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်များကို လက်တွေ့သရုပ်ပြသပေးခဲ့ကြသည်။
အခမ်းအနားသို့ စာပန်းတိုင်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆရာ/ဆရာများ၊ ကျောင်းသား/ ကျောင်း သူများ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ အဖွဲ့ဝင်များ စုစုပေါင်း (၃၉၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး