မြောက်ဥက္ကလာပ ဇွန် ၂၃
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြမြဝင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မူးယစ်တပ်ဖွဲ့စု(၄၁)မှ ရဲအုပ်စည်သူအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်နိုင်ဦးက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြာခဲ့သည်။
ထို့နောက် မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက အ.ထ.က(၁)ကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က လက်ခံရယူခဲ့ပြီး ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြမြဝင်း(ပြန်/ ဆက်)