ကျိန္တလီ ဇွန် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင်ကျိန္တလီမြို့၊ ပုန်းညှက်ကျေးရွာရှိ တောင်သူဦးကိုကိုဦးပိုင် စိုက်ကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျိန္တလီမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးမင်းအောင်က တိရိစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တိရိစ္ဆာန်များအတွက်လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက်ကျွေးမွေးပြီး တိရိစ္ဆာန်နှင့် တိရိစ္ဆာန်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာရပြည့်ဝသော အစားအစာများကိုရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးပွဲသို့ ကျိန္တလီမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးမင်းအောင်၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်း၊ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဦးဆက်နွယ်စိုး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့ဦးစီးမှူးဦးကိုကိုနိုင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနိုင်မင်းအေး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ကာ တေးကူးယန် နေဗီယာမြက် (၁) ဧကအား လူထုလှုပ်ရှားမှုပုံစံဖြင့် စနစ်တကျစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဇော်လင်း