တံတားဦး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ နှီးခြင်းရက်လုပ်နည်း (အခမဲ့) သင်တန်းကို ယနေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားပြီး တံတားဦခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ဆွေဆွေဝင်းက နှီးခြင်းရက်လုပ်နည်းသည် အလွန်လွယ်ကူပါကြောင်း၊ နှီးခြင်းသည် မည်သည့် ပစ္စည်းမျိုးကိုမဆို ထည့်နိုင်သည့်အပြင် ခရီးးသွားလာသည့်အခါ ပစ္စည်းများကို ထည့်၍ အလွယ်တကူ သယ်ဆောင်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး နှီးခြင်းရက်လုပ်နည်းကို လက်တွေ့သင်ကြားပေးသည် ။
နှီးခြင်းရက်လုပ်ရန်အတွက် နှီးကို မန္တလေးမှ ပိဿာချိန်ဖြင့် ဝယ်ယူရကြောင်း၊ နှီးတစ်ပိဿာလျှင် ငွေကျပ်(၃၅၀၀)ပေးဝယ်ရကြောင်း၊ နှီးတွင် အတို၊ အရှည်နှစ်မျိုးရှိပါကြောင်း၊ ဒါ့အပြင် နှီးကို မိမိ လိုချင်သော အရောင်ကို ဆေးသုတ်ရပါကြောင်း နှီးခြင်းများဖြင့် မုံ့ထည့်ခြင်း ၊ သစ်သီးထည့်ခြင်း၊ ဒါ့အပြင် ဗန်း ၊ နှီးတောင်း ၊ စကာ ၊ ထမင်းအုပ်ဆောင်း ၊ ခမောက် ၊ လက်ဆီဲခြင်း ၊ရေဖုံး စသည့်တို့ကို ရက်လုပ်နိုင်ပါကြောင်း တစ်နေ့လျှင် ခြင်းကြီး(၁၀)လုံး သို့မဟုတ် ခြင်းသေး(၁၅)လုံးပြီးပါကြောင်း နှီးတစ်စီးတွင် မုံ့ထည့်ခြင်း (၂၅)လုံး သို့မဟုတ် သစ်သီးခြင်း(၂၀)လုံးပြီးကြောင်း အလုပ်သမားတစ်ဦး ငှားရမ်းလျှင် ခြင်းသေးယက်လုပ်ခ တစ်လုံးလျှင် ငွေကျပ်(၃၀၀)ကျပ်ပေးရပြီး တစ်နေ့လျှင် ခြင်းလုံးရေ (၂၀)လုံးပေးရကြောင်း တံတားဦးမြို့ အမှတ်(၁)ရပ် ကွက်သစ်ရပ် ခြင်းယက်လုပ်သူ ဒေါ်မြမြစန်းထံမှ သိရသည်။ အဆိုပါ သင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ တံတားဦးခရိုင်/မြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)