မိုင်းဆတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အ.မ.က(ဝိန်းဝိုင်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားနေချိန်တွင် မူးယစ်ထုံထိုင်းစေတတ်သည့် ဆေးဝါးများသုံးစွဲမှု မပြုလုပ်ကြရန်၊ မူးယစ်ဆေးသည် မိမိဘဝနှင့် လူမှုပတ်ဝန်းကျင်၊ မိသားစုအတွက် ထိခိုက်စေနိုင်ကြောင်း၊ အတန်းပညာများ ကြိုးစားသင်ယူ၍ နိုင်ငံတော်မှ အားကိုးအားထားပြုနိုင်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ကြိုးစားသင့်ကြောင်း၊ “မူးယစ်ဆေးအစ ဆေးလိပ်က” ဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်းများ မပြုလုပ်ကြရန်လိုကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုကာ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)