ရွှေပြည်သာ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်မာလာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာဝင်းနွယ်(ပုသိမ်)က မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းနှင့်ပက်သက်၍လည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးဇော်ဇော်လင်းက လူငယ်နှင့်အားကစားအကြောင်းတို့အား အသိပညာပေးဟောပြောကြောင်း သိရသည်။
ထို့နောက်အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ ရသစာအုပ်၊ စာစောင်များနှင့်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ သူများ၊ ဆရာ၊ ဆရာမများအား ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ ဆက်)