မြစ်ကြီးနားမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွား၍ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း သီရိခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀၀)ဦးခန့် တက်‌ရောက် ခဲ့ကြ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက် က အဆိုပါ ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က "လူငယ်များအတွက် စိတ်ဓာတ်ခွန်အား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် လူငယ်များ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌စေရေး အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် စာရေးဆရာအကြီးကိုကို (ကသာ) က အမှတ် (၇) အခြေခံညာ အထက်တန်းကျောင်းအတွက် သုတ၊ ရသစာအုပ်/စာစောင်များနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ် ဦးစီးမှူးက အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်အဝေမြိုင်က လက်ခံရယူခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့်အတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)