မိုခါမုန်တိုင်းမိုးဖြင့်စိုက်ပျိုးထားသည့် မြေပဲများနှင့်နှမ်းလျင်များ နောက်မိုးရွာသွန်းခြင်းနှင့်အတူ နှစ်မျိုးလုံးကောင်းနေ

ညောင်ဦး  ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့ရှိတောင်သူများ မိုခါမုန် တိုင်းမိုးရွာသွန်းချိန်က စိုက်ပျိုးထားသော မြေပဲနှင့်နှမ်းလျင်စိုက်ပျိုးတောင်သူများ နောက်မိုး ရွာသွန်းမှုကောင်းခြင်းနှင့်အတူ အပင်များပါက်အားကောင်းပြီးထွားကြိုင်းသန်းမာကာ ဒီပုံစံအတိုင်း မိုးရွာသွန်း မှုမှန်ကန်ခဲ့ပါက မြေပဲနှင့်နှမ်းစိုက်တောင်သူများ မြေပဲနှင့်နှမ်းလျင် နုတ်သိမ်းချိန်အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေကြောင်း မြေပဲနှင့်နှမ်း လျင်စိုက်တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ဒေသတွေက မိုးကျချိန်မျှော်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်ကြရကြောင်း၊ ယာမြေအများဆုံးရှိကာ မိုးဦးမိုးကောင်းရင် မြေပဲနှင့်နှမ်းလျင်သာစိုက်ပျိုးကြပြီး အချို့သောတောင်သူများက နောက်မိုးမကျပဲ(နောက်မိုးမရွာ)မှာစိုးရိမ်ပြီး မစိုက်ပျိုးကြပဲနေကြကာ မိုးလယ်လောက်မှ ပင်ထောင်မြေပဲ(သုံးလပဲ)စိုက်ပျိုးကြကြောင်း ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကျေးရွာမြေပဲစိုက်တောင်သူဦးမြင့်စိုးကပြောပြသည်။

ယခုစိုက်ပျိုးထားသည့် မြေပဲ(ခြောက်လမြေပဲ)နှင့်နှမ်းလျင်များသည် တစ်လပြည့်ပြီ ဖြစ်ကြောင်း ရက်ပေါင်း ၇၀ပြည့်လျှင် မြေပဲများ အပွင့်ပွင့်ပြီး အဆွယ်ချကာဥစတင်ဥကြောင်း နှမ်းလျင်နှမ်းများလည်း တစ်လခွဲရှိလျှင် အပွင့်ပွင့်ကာ ရက် ၇၀ပြည့်လျှင် အသီးများရင့်မှည့် ကြောင်းသိရသည်။ မြေပဲပေါင်းသင်ခနှင့်နှမ်းပေါင်းသင်ခကိုတော့ တစ်ရက်လျှင် လုပ်အားခ ၃၀၀၀ကျပ်ပေးရကြောင်း၊ ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ နှမ်းစိုက်တောင်သူ ဒေါ်ဆွေ ကပြောကြားသည်။ မြေပဲစိုက်ပျိုး ခြင်းအား အခြားသီးနှံရောမစိုက်ပဲ သီးသန့်စိုက်ပျိုးသော်လည်း နှမ်းလျင်နှင့်ရောကာ ပဲစင်းငုံရော စိုက်ပျိုးထားကြောင်း နှမ်းသိမ်းပြီးချိန် ရာသီဥတုအ ခြေအနေကောင်းလျှင် သီးထပ်သီးညှပ်စိုက်ပျိုး သည့်ပဲစင်းငုံများကောင်းတတ်ကြောင်းသိရပြီး ယခုနှစ်တွင် မိုခါမုန်တိုင်းမိုးဖြင့်စိုက်ပျိုးထားသည့် မြေပဲနှင့်နှမ်းလျင်များအပင်ဖြစ်ထွန်းမှု ကောင်းနေကြောင်းလည်းသိရသည်။

ဒီပါလင်း