ကျိုက်ထိုမြို့နယ်၌ တိရိစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ကျိုက်ထို ဇွန်  ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့၊ နံနက်(၁၀)နာရီက သစ်ဆိပ်ပင်ကျေးရွာရှိ တောင်သူတစ်ဦး၏ စိုက်ပျိုးမြေ (၁) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြသစိုက်ပျိုးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများတက်ရောက် စိုက်ပျိုးခဲ့ကြသည်။

မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာ နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာ ကျွေးစနစ်ဖြင့်‌ ဆောင်ရွက်နိုင်ပြီး မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ် ကျွေး မွေးနိုင်ရန်နှင့် ပြည်တွင်းကျွဲနွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာ သုံးစွဲနိုင်ရေး ရည်ရွယ်ကြောင်း မြို့နယ်အတွင်းရှိ ကျွဲနွား၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူများအနေဖြင့် နေဗီယာမြက် စိုက်ပျိုးနိုင်ရေးအတွက် ဌာနမှလည်း ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုထံမှ သိရသည်။

ဝင်းမောင်(ပြန်/ ဆက်)