မလှိုင်မြို့နယ်၌ မိုး/မိုးနှောင်းချည်မျှင်ရှည် ဝါစိုက် တောင်သူများအား စနစ်တကျ ဝါစိုက်ပျိုးနည်း သင်တန်း ပို့ချ

မလှိုင် ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါစိုက် တောင်သူများအား စနစ်တကျ ဝါစိုက်ပျိုးနည်း သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးစန်းယုက မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်တောင်သူများအား သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဝါအထွက်နှုံး ကောင်းမွန်ရေးသည် အဓိကဖြစ်ပါကြောင်း ၊ အထွက်နှုံး တိုးတက်မြင့်မားရေးအတွက် မျိုးကောင်း မျိုးသန့် ရရှိရန် အရေးကြီးပါကြောင်း၊ မျိုးကောင်းမျိုးသန့်များဖြစ်သည့် (ရွှေတောင်(၁၀)နှင့်B–31) မျိုးစေ့များကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးအပ်ထားပါကြောင်း၊ စိုက်ပျိုးနည်း စနစ် မှန်ကန်ရေး သည် အရေးကြီးသည့်အတွက် သင်တန်းများ ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအာကာစိုးက ပိုးမွှားရောဂါများအကြောင်းနှင့် ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယ ဦးစီးမှူး ဒေါ်အေးအေးထွန်းက မိုးနှောင်းချည်မျှင်ဝါ စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ စိုက်ပျိုးနည်းစနစ်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းသို့ အုပ်ကြီးကျေးရွာ ၊ဆည်တိုကျေးရွာ၊ ယာကြီးကုန်းကျေးရွာ ၊ လယ်ဗျားကျေးရွာ၊ ဒဟတ္တန်းကျေးရွာ ၊ စသည့်ကျေးရွာအုပ်စု (၅)အုပ်စုရှိ ကျေးရွာပေါင်း(၂၁)ရွာမှ   ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ စိုက်တောင်သူ (၁၉၇)ဦး၊ ၊ B–31 စပ်မျိုးချည်မျှင် ရှည်ဝါ စိုက်တောင်သူ(၃)ဦး စုစုပေါင်း တောင်သူ(၂ဝဝ)ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါ တောင်သူ(၂ဝဝ) ဦးတို့မှ ရွှေတောင်(၁၀)ဝါ ၊ B–31 စပ်မျိုးချည်မျှင် ရှည်ဝါ(၃ဝ၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)