တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

မော်လမြိုင် ဇွန် ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇွန် ၂၁ ရက်တွင် မော်လမြိုင်မြို့နယ် ဇေယျာမြိုင်ရပ်ကွက်ရှိ တောင်သူ ဦးမင်းနိုင် ဦး၏ လယ်ယာမြေ (၁) ဧက၌ ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြပွဲသို့ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ အေးချမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနှင်း‌ဝေမျိုးနိုင်၊ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ တက်ရောက်ကြောင်း သိရသည်။

တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့်တိရိစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာ ကျွေးစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေး လုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရိစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရေးနှင့် နေဗီယာမြက်ကို နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သော အာဟာရဓာတ်ပမာဏများ ပြည့်ဝစေရန်  ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် နေဗီယာမြက်စိုက်ပျိုးနိုင်ရေး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပျိုးပင်များကိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)