မိုင်းတုံမြို့၌ အသက်(၁၅)နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးထိုးနှံပေး

မိုင်းတုံ အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂) အုပ်စုမှ အသက်(၁၅)နှစ်အောက် ကလေးများအား ယနေ့နံနက်(၇)နာရီက စတင်၍ မြို့မရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံတွင် ဆုံဆို့နာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုမှ ကလေးများအား အသက်အရွယ်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးရန်လာရောက်သူများအား နှာခေါင်းစည်း(Mask)၊ မျက်နှာကာ (Face Shield) များ မဖြစ်မနေတပ်ဆင်လာကြရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် မိဘအုပ်ထိန်းသူတစ်ဦးနှင့် ကလေးတစ်ဦးသာ လာရောက်ထိုးနှံကြရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အသိပေးအကြောင်းကြားထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့် အညီ ကလေး(၁၄၉၆)ဦးအား ဆုံဆို့နာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ထွေး(ပြန်/ဆက်)