ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား ဇွန် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျခြင်းများကြောင့် ပလနကျေးရွာအုပ်စုမှ ဘေးသင့် အိမ်ထောင်စုများနှင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် အိမ်ခြေ(၃၀၀) မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့ဒေသ၊ မိမိတို့လူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မြစ်ကြီးနားမြို့နယ် ပလန‌ကျေးရွာ ဒေသခံများနှင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဒေသခံများသည် နေရပ်အသီးသီးတွင် ပြန်လည်နေထိုင်နေကြပြီ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဒေသခံများကို ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း ကျေးရွာများအတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံ  ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၃၀၀)၊ လူဦးရေ (၇၅၉)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀၀) ကိုလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုရှိ၊ လေဘေးသင့်အိမ်ထောင်စု (၁၂၀)၊ လူဦးရေ (၆၈၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၆၀၀)ကို လည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီ မာက ဆယ်ဇင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ တစ်လစာ စုစုပေါင်း တန်ဖိုးငွေကျပ် (၆၀)သိန်း (၂)သောင်းကို  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဘေးသင့်အိမ်ထောင်စု များကိုယ်စား ပလနကျေးရွာ ပြည်သူတစ်ဦး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် မွန်းလွဲ (၁)နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းဆိုင်ရာ MoA (အပြီးသတ်မူကြမ်း) နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကံပိုင်တည်စီးပွားရေးနယ်မြေ စီမံကိန်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေရသည့် စီမံကိန်းဖြစ်သဖြင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် နယ်စပ်စီးပွားရေး နယ်မြေ စီမံကိန်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့ပြည်နယ်အတွက် သမိုင်းမှတ်တမ်းတစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့်ကော်မတီအတွင်း‌ရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ပေးပို့ထားသည့် ကံပိုင်တည်စီးပွားရေးနယ်မြေ စီမံကိန်းဆိုင်ရာ MoA (အပြီးသတ်မူကြမ်း) ပါ ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ စာချုပ်ပါအချက်များအပေါ် ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဆွေးနွေး၍ အတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာ MoA (အပြီးသတ်မူကြမ်း)ပါ ပြင်ဆင်ချက်များအပေါ် ယနေ့ ဆွေးနွေး၍ အတည်ပြုဆုံးဖြတ်မှုများသည် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်တစ်ခုလုံးနှင့် ပတ်သက်သည့်ပါဝင်မှုများအားလုံးကို တစ်ဖက်သတ်တည်း ဆုံးဖြတ် အတည်ပြုခြင်း မဟုတ်ဘဲ နှစ်နိုင်ငံနယ်စပ်စီးပွားရေးကိစ္စဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအဆင့်သို့ ဆက်လက်ပေးပို့ အတည်ပြု နိုင်ရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်