သန်လျင်မြို့နယ်အတွင်း အနံပျောက်သူများနှင့် ဖျားနာကုဆေးခန်းပြလိုသူများအား အိမ်အရောက်လာရောက်ကြိုပေးမည်

ရန်ကုန် အောက်တိုဘာ ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အတွင်း ကိုဗစ်- ၁၉ ရောဂါ ပြန့်နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် သန်လျင်မြို့နယ်အတွင်းရှိ အနံပျောက်သူများနှင့် ဖျားနာကုဆေးခန်းပြလိုသူများအား မြို့နယ် ကိုဗစ်- ၁၉ ကော်မတီမှ အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၏ နာယက သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်ထံမှ သိရသည်။

ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ အနံပျောက်သူများနှင့် ဖျားနာသူများအနေဖြင့် အမြန်ဆုံး ဆေးခန်းလာပြကြဖို့ ထပ်မံတိုက်တွန်းပါကြောင်း၊ ဆေးခန်းလာပြရာတွင်လည်း အိမ်ကနေလိုက်ပို့မည့် သူမရှိခြင်း၊ ဆိုင်ကယ်ကယ်ရီဌားမရခြင်း စသည့်အခက်အခဲများရှိကြောင်း သိရှိနေရပါတယ်၊ အနံပျောက်သူများမှ ဆိုင်ကယ်ကယ်ရီသမားကိုကူးစက်၊ ကယ်ရီသမားများက အခြားသူများသို့ကူး စက်နိုင်ခြင်းဖြင့် ကူးစက်မှုသံသရာ လည်နေမှုမျိုးမဖြစ်စေချင်ပါ၊ အနံပျောက်သူများနှင့် ဖျားနာသူများကို ကော်မတီအစီအစဉ်ဖြင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ယူ ပို့ဆောင်ပေးရန် ကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန်ပွားမှုကို ထိမ်းချုပ် နိုင်ရေးအတွက် မြို့သူမြို့သားများ စည်းကမ်းလိုက်နာဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်ပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောကြားသည်။

အဆိုပါ အနံပျောက်သူများနှင့် ဖျားနာသူများအနေဖြင့် ဆေးခန်းပြသရန်အတွက် သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီ ဖုန်း- ၀၉ ၅၀၇၈၂၅၉၊ ၀၉ ၄၅၀၀၆၃၈၁၈ သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)