ပြည်ကြီးတံခွန် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ-ထ-ကခွဲ (လ-၅) တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်ထုနှင့်ဆေးလိပ် သောက်သုံးခြင်း အန္တရာယ်များကိုလည်းကောင်း၊ ဦးစီးအရာရှိဦးညိုထွန်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည့် စိတ်ကြွဆေးပြားများကို ရှောင်ရှားရမည့်နည်းလမ်းများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်တင်က မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်း များနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို အသီးသီးဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်