နမ့်စန်(တ) အောက်တိုဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ထောက်ပံ့ငွေများကို မြို့နယ်မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၃)ခုရှိ မသန်စွမ်းသူများထံ ယနေ့ နံနက် ၁၁ နာရီက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက နမ့်စန်မြို့ရှိ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက် နှင့် အမှတ်(၅) ရပ်ကွက်ရှိ မသန်စွမ်း၇ ဦးကို တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်စီအား လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်း ၊ မျက်မမြင် ၊ဆွံ့အနားမကြား ၊ဉာဏ်ရည် မသန်စွမ်း စသည့် မသန်စွမ်းသူ ၂၈၄ ဦးကို ဩဂုတ်လအတွင်း ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အဆိုပါစာရင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ဘဲ ကျန်ရှိနေသည့် မသန်စွမ်းသူများကို ထပ်တိုးထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ထပ်တိုးထောက်ပံ့ရန် ကျန်ရှိနေသည့် မသန်စွမ်းသူ (၈၂) ဦးရှိကာ အဆိုပါမသန်စွမ်းသူများကို သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ တစ်ဆင့် ထောက်ပံ့ငွေများအား ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
သူရအောင်(ပြန်/ဆက်)