ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်

ရသေ့တောင် ဇွန် ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ရသေ့တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်အောင်မျိုးထွန်းက နိုင်ငံတော်၏မူဝါဒအရ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေးအတွက် ငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များအနေနှင့် မိမိတို့၏ပျက်စီးဆုံးရှုံးမှုများကို အသစ်ပြန်လည် တင်ပြကြရန်နှင့် သက်ဆိုင်ရာကော်မတီများမှလည်း မှန်ကန်မှုရှိရေးအတွက် စိစစ်ဆောင်ရွက်ကြရန်ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ ပြန်လည်ပြုပြင်ပြီးနှင့် ပြုပြင်ဆဲများကို ဆက်လက်တင်ပြရာတွင် စာရင်းဇယားမှန်ကန်ရန် လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများထံတွင် တရားဝင်မှတ်ပုံတင်ထားရမည်ဖြစ်ပြီး၊ အခွန်အထောက်အထားများလည်း ရှိရမည်ဖြစ်ကြောင်း၊ အုပ်စုဖွဲ့စနစ်ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ရာ ယခုအချိန်ကစပြီး အုပ်စုဖွဲ့ထားကြရန် လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ဒုံးပိုက်ကျေးရွာ၊ ချိန်ခါလီကျေးရွာ၊ ဇီးကိုင်းကျေးရွာ၊ ဖြူချောင်းကျေးရွာ၊ ရွှေလောင်းတင်ကျေးရွာတို့မှ ငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန် ပိုင်ရှင်များက ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင် (ပြန်/ဆက်)