သာစည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးလှထွန်းက အမှာစကားပြောကြားပြီး မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌဦးဝင်းအောင် (ဒုတိယရဲမှူးကြီးငြိမ်း) နှင့် အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့က မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး အမျိုးအမည်များနှင့် ဆိုးကျိုးများကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့နောက် ဆရာ/မများနှင့် ကျောင်းသား/သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ပြသထားသော နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်ရာသို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပန်းချီဆရာဦးမြတ်ကို (ကာတွန်းလူမင်းအောင်)၊ ဆရာ/မများနှင် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်