သံတွဲ ဇွန် ၂၃
သံတွဲခရိုင်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် ယူးရီးယား ဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မိုးမြင့်က မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူ ( ၇၁) ဦးအား တစ်ဧက (၁)တင်းနှုန်းဖြင့် ဆင်းသွယ်လတ်မျိုးစပါး(၉၆)တင်း၊ ဆင်းသုခ(၆၀)တင်း၊ ပေါ်ဆန်းရင် (၂၁)တင်း ပေးအပ်ခဲ့ပြီး ဧက(၁၀၀)တင်း (၁၀၀) စံပြစိုက်ကွက် စိုက်ပျိုးမည့် တောင်သူများအား GW-11 မျိုးစပါး(၇၀)တင်းနှင့် ယူးရီးယား ဓာတ်မြေဩဇာအား တစ်ဧက ( ၁ ) အိတ် နှုန်းဖြင့် အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံအနေဖြင့် ဆောင်းမြေပဲ စုစုပေါင်း( ၁၉၂၆၁)ဧက ၊ နေကြာ(၇၀)ဧက ၊ ဆီမုန်ညှင်း( ၃၀)ဧက၊ နှမ်း(၂)ဧက စုစုပေါင်း(၁၉၃၆၃)ဧက စိုက်ပျိုးနှိင်ခဲ့ပြီး ပဲမျိုးစုံအနေဖြင့် မတ်ပဲ( ၂၇၁၈)ဧက၊ ပဲတီစိမ်း(၃၅၁)ဧက၊ ဘိုကိတ်(၅၃၁၁)ဧက၊ ပဲကြီး ( ၂၃)ဧက ၊ ပဲလွန်းဖြူ( ၃)ဧကနှင့် အခြားပဲ(၂၉)ဧက စုစုပေါင်း (၈၄၃၅) ဧကအား စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတူ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး စိုက်ဧက ( ၃၈၄၃၂)ဧက စိုက်ပျိုးမည်ဖြစ်ပြီး ၎င်းအနက် မျိုးစေ့ထုတ် စံပြစိုက်ကွက် (၁၅၀) ဧက စမ်းသပ်စိုက်ပျိုးမည် ဖြစ်သည်။ ထိုသို့ စိုက်ပျိုးရာတွင် ဆင်းသွယ်လတ် (၆၉)ဧက၊ ပေါ်ဆန်းရင်စပါးမျိုး(၂၁)ဧက ၊ ဆင်းသုခ (၆၀) ဧကအား ကျေးရွာ(၉)ရွာရှိ တောင်သူ ၇၁ ဦးဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး GW-11မျိုးအား အလယ်ရွာကျေးရွာတွင် (၇၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းခိုင်ထံမှ သိရသည်။
သန့်ဇင်(ပြန်/ဆက်)