သာစည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပန်းချီဆရာဦးမြတ်ကို (ကာတွန်းလူမင်းအောင်) က ပြိုင်ပွဲဝင် ကျောင်းသား/သူများအား စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ် (၁) နှင့်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ် (၂) ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တို့မှကျောင်းသား/သူစုစုပေါင်း ၁၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲမှ ပထမ၊ ဒုတိယနှင့်တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်ဆရာ/မများနှင့် ကျောင်းသား/သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြသထားသော နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကြည့်ရှုလေ့လာ ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်