ဇမ္ဗူသီရိမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ဖျော်ဖြေရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ ဇွန် ၂၃

ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့် ဖျော်ဖြေရေးနှင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊  အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့က စီစဉ်သည့် နယ်လှည့် အသိပညာပေးနှင့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ဒိန်းဒေါင်၊ အကယ်ဒမီ အုန်းသီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝါသနာရှင်များက ခေတ်ပေါ်တီးဝိုင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား တေးသီချင်းများ ဖျော်ဖြေ တင်ဆက်ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာအားပေးကြသည်။

ထို့နောက် အသိပညာပေး ဟောပြောပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ခဲ့ပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက  ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စာရေးဆရာခိုင်မင်း (နေပြည်တော်)က ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့  တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား ကြည့်ရှုကြပြီး  ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)