သံဖြူဇရပ် ဇွန် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်စေရန်အတွက် အာဟာရပြည့်ဝသောတိရစ္ဆာန်အစာ ပင်များစိုက်ပျိုးကာ မွေးမြူသည့်စနစ်ကျင့်သုံး ဆောင်ရွက်လျက်ရှိရာ “၂၀၂၃ ခုနှစ် မိုးရာသီ တိရိစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဥ်” ကို သံဖြူဇရပ်မြို့ ဝဲကလီကျေးရွာ အမှတ်(၄)တပ်မတော်တမ်းမြှင့် လေ့ကျင့်ရေးကျောင်းရှိ စိုက်ပျိုးမြေ၌ တေကူ ယံမြက်မျိုး(၁.၅)ဧက စိုက်ပျိုးခြင်းကွင်းသရုပ်ပြ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြသစိုက်ပျိုးရာတွင် အမှတ်(၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့် တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာမင်းငွေထွန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊တက်ရောက် စိုက်ပျိုးခဲ့ကြသည်။
မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာ မြက်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးနိုင်ရန်နှင့် ပြည်တွင်းကျွဲနွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများဖူလုံစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျွဲနွား၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တေကူယံမြက်စိုက်ပျိုးနိုင်ရေးအတွက်ဌာနမှလည်း ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)