ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်လင်းမောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ထွန်းထွန်းစံ တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက ဆိပ်ကြီးခနောင်တို မြို့နယ် သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးပြောကြားရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် လင်းမောင်က“မိမိအနေဖြင့် ဆိပ်ကြီးခနောင်တို မြို့နယ်သို့ လာရောက်ရခြင်းမှာ မြို့နယ်၏ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဘက်၊ အရပ်ဘက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယခုလိုမြေပြင်ကွင်းဆင်း၍ လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခက်အခဲများရှိပါက တင်ပြပေးရန်လိုကြောင်း” စသည်ဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက်ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်က ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ၊  တင်ပြချက်များနှင့် စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွက်၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ အဆိုပါ တင်ပြချက်များအပေါ်  ဗိုလ်မှူးချုပ် လင်းမောင်မှ ပေါင်းစပ် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေး ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်မှူးချုပ် လင်းမောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ထွန်းထွန်းစံတို့သည် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဗဟိုလမ်းမကြီးအား လမ်းအကျယ် တိုးချဲ့နိုင်မည့်အခြေအနေ၊ ဆိပ်ကြီးအ‌ရှေ့ရပ်ကွက်ဇက်ဆိပ်တွင် လူစီး ဇက်ရေယာဉ် ဆိုက်ကပ်နိုင်မည့်အခြေအနေ၊ ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်သို့ ဆက်သွယ် သွားလာနိုင်မည့် ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရေးစီမံကိန်း တည်နေရာသို့ သွားရောက်၍ တံတားတည်ဆောက်နေမှုအခြေအနေနှင့် ခနောင်တိုအရှေ့ရပ်ကွက်ရှိ အုတ်ရေ စုကန်မှ ရေဖြန့်ဝေပေးနေအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)