အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ​ပြုလုပ်

အမရပူရ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူထွန်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးနေဝင်းထွန်းက အားကစားနှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါ နံရံကပ်စာစောင်များတွင်  မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး၊ စဥ်လာဆုံးမ သြဝါဒ ရှောင်ကြမူးယစ်ဆေး၊ မူးယစ်ဆေးဝါးဒို့ရှောင်ရှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးစသည့် ခေါင်းစဥ်များဖြင့် ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရွှေကြက်ယက်ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)