ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၂

ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးတင်ဉီးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ်စာရင်း စစ်ချုပ်ရုံး၌ ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား တွေ့ဆုံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် စာနာစိတ်ဖြင့် ပုဂ္ဂလိကများက ပရဟိတစိတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ဒုတိယအကြိမ် စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၁၅၆ သိန်းကို ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊  မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြုပြင်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၁၄၀) သိန်း၊ ဘုရားစေတီများ ပြုပြင်ရန် အလှူငွေကျပ် (၆) သိန်း၊ သာသနိကအဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြုပြင်မွမ်းမံရန် အလှူငွေကျပ် (၁၀) သိန်း စုစုပေါင်း ထောက်ပံ့ လှူဒါန်းငွေ ကျပ် (၁၅၆) သိန်းဖြစ်ကြောင်း၊ ပထမအကြိမ် လှူဒါန်းမှုအနေဖြင့်လည်း ဇွန်လ ၅ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု နယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ် ချုပ်ရုံးများနှင့် ရွှေစပါးကုမ္ပဏီမိသားစုတို့က လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် ၂၀၉ သိန်း ၁ သောင်းနှင့် ပစ္စည်း တန်ဖိုး ၁၆၈ သိန်း ၂သောင်း စုစုပေါင်းငွေနှင့် ပစ္စည်းတန်ဖိုး ကျပ် ၃၇၇ သိန်း ၃ သောင်းကို စစ်ဆေးရေးဉီးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါ်ခင်သန်းကြည်မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ လှူဒါန်းရရှိမှုများကို ထိရောက်အကျိုးရှိစွာမျှဝေ သုံးစွဲနိုင်ရေးအတွက် စီမံဆောင်ရွက်ကြစေလိုပါကြောင်း၊ မုန်တိုင်းမကျရောက်မီကပင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကြိုတင် ဆောင်ရွက်ခဲ့မှုများကြောင့် ဝန်ထမ်းများထိခိုက်သေဆုံးမှုမရှိဘဲ ဌာနပိုင်ပစ္စည်း အနည်းငယ်သာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တက်ကြွစွာကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အချိန်တိုကာလအတွင်း ထိခိုက်ပျက်စီးမှုများအတွက် အကောင်းဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို တွေ့ရှိရသဖြင့် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးနှင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည်များ ပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့၏ မူလစစ်ဆေးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပြန်လည် လည်ပတ် နိုင်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာဖြင့် မိမိတာဝန်နှင့် လျော်ညီသည့် တာဝန်သိခြင်း၊ တာဝန်ယူခြင်းများဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ခွဲဝေဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသစာရင်းစစ်ရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများပေးအပ်လှူဒါန်းပြီး ဝန်ထမ်းများကိုယ်စား ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဉီးအေးငွေက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံများက ရုံးလုပ်ငန်းဆိုင်ရာများ၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြင်ဆင်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က ရှင်းလင်းတင်ပြ မှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများသို့ ရောက်ရှိပြီး အဆောက်အအုံ ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ အားပေးစကားပြောကြားပြီး  လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

တင်ထွန်း