စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စတုတ္ထအကြိမ်သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုရှိ စိုက်ပျိုး‌ရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ စတုတ္ထအကြိမ်သုတေသန စာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှအကြီးအကဲများ၊ သုတေသနပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး စာတမ်းဖတ် ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က online မှတက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာထုတ်လုပ်မှုစနစ် ထွန်းကား လာစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏လူနေမှု ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သုတေသနစာတမ်းဖတ်ပွဲများကို ကျင်းပလျက်ရှိရာ ဒီကနေ့ဟာ ဆိုရင် စတုတ္ထအကြိမ်မြောက် သုတေသနစာတမ်း ဖတ်ပွဲကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုလို သုတေသနစာတမ်းဖတ်ပွဲကျင်းပရသည့် ရည်ရွယ်ချက် ကတော့ မိမိတို့၏အားကြိုးမာန်တက် ကြိုးစားရှာဖွေဖော်ထုတ်ထားသည့် သုတေသနရလဒ်များကို မိမိတို့ဝန်ကြီးဌာနမှအကြီးအကဲနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များအားလုံးကို ချပြခြင်းမှတစ်ဆင့် သုတေသနရလဒ်ကောင်းများကို အများပြည်သူ၊ တောင်သူလယ်သမားများထံသို့ အရောက်ပေးပိုခြင်းဖြင့် မိမိတို့နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုစေရန် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာမှာ သုတေသနပြုလုပ်နေရုံမျှဖြင့် မလုံလောက်ဘဲ တောင်သူများပူးပေါင်းပါဝင်ပြီး စိတ်ဝင်တစားဆောင် ရွက်မှသာလျှင် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါ‌‌ကြောင်း၊  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တောင်သူများပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်လျက် ဒီကနေ့ကျင်းပတဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စတုတ္ထအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲရဲ့ဆောင်ပုဒ်အဖြစ် “Innovative Research & Development through Farmers Participatory Approach” “တောင်သူလယ်သမား များပူးပေါင်းပါဝင်ခြင်းမှသည် ဆန်းသစ်တီထွင်မှုရှိသော သုတေသနနှင့် ဖွံ့ဖြိုးရေးဆီသို့” ဆိုပြီး သတ်မှတ်ထားပါကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှကျင်းပသည့် အဆိုပါစာတမ်းဖတ်ပွဲကို ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက် နေ့အထိ ကျင်းပမည်ဖြစ်ရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ၆၂ စောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂‌ စောင်၊ ရေဆင်းစိုက်ပျိုးတက္ကသိုလ်မှ ၉ စောင်၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ၁ စောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ၂ စောင်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁ စောင်၊ တပ်မတော် ဆေးသုတေသနမှ ၁ စောင်၊ မန္တလေး (ဝိဇ္ဇာသိပ္ပံတက္ကသိုလ်)မှ ၅ စောင်၊ ပုသိမ်တက္ကသိုလ်မှ ၁ စောင် စုစုပေါင်း ၈၄ စောင်ကို ဖတ်ကြားတင်သွင်းမည်ဖြစ်ပြီး Poster  အနေဖြင့် စိုက်ပျိုးရေး သုတေသနဦး စီးဌာနမှ ၁၇‌ စောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၁ စောင်၊ စက်မှုလယ်ယာဦးစီးဌာနမှ ၁ စောင်နှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁ စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)