မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မော်လမြိုင်မြို့နယ် ခရွန်းရှမ်းရွာရှိ အအေးခန်းစက်ရုံ၊ ဖားအောက်ကျေးရွာရှိ မိသားစုတစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်းများနှင့် ရွှေဇီဝသဘာဝမြေသြဇာစက်ရုံသို့ လှည့်လည်ကြည့်ရှု

မော်လမြိုင် ဇွန် ၂၂

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မော်လမြိုင် မြို့နယ်၊ ခရွန်းရှမ်းရွာရှိ Cold Storages အအေးခန်း သိုလှောင်ရုံသို့ ရောက်ရှိပြီး အအေးခန်းအတွင်း သစ်သီးဝလံ ၊ အသီးအနှံ သိုလှောင်ထားရှိမှု၊ ငါးခြောက်၊ ပုဇွန်ခြောက် သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရှိ သစ်သီးဝလံနှင့် သားငါး၊ လုပ်ငန်းရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် အေးခဲခန်း (Freezer)များကိုလည်း တည်ဆောက်လည်ပတ်စေပြီး၊ ပြည်ပပို့ကုန် တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးခန်းတွင် Cold Storages အအေးခန်းစက်ရုံတာဝန်ရှိသူမှ အအေးခန်း နေ့စဉ်ထုတ်လုပ်မှုကုန်ကျစရိတ် သိုလှောင်ထားရှိမှု ကုန်ကျစရိတ်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် အသီးအနှံ အများအပြား ထွက်ရှိရာယင်းတို့ကို တစ်နှစ်ပတ်လုံး သိုလှောင်နိုင်ပါက ပိုမိုအကျိုးရှိမည် ဖြစ်ပါကြောင်း၊ ပြည်ပအစားထိုး သွင်းကုန်ပစ္စည်းများကို မိမိတို့ပြည်နယ်အတွင်းတွင် အရည် အသွေးမီ ဆောင်ရွက်ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိရန်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေမည့် လုပ်ငန်းများကို Standard Operating Procedure(SOP) များနှင့်အညီဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖားအောက်ကျေးရွာရှိ မိသားစုတစ်ပိုင်တစ်နိုင် လက်ရက်ကန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ ပိုမိုထွန်းကားလာစေရေးအတွက် ဝိုင်းဝန်းကြိုးပန်း ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင် နည်းပညာတက္ကသိုလ် ရွှေဇီဝ သဘာဝမြေသြဇာ စက်ရုံသို့ရောက်ရှိရာ စက်ရုံမှ ထုတ်လုပ်သော သဘာဝဇီဝမြေသြဇာ အိတ်အမျိုးမျိုး ထုတ်ပိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ စက်ရုံတာဝန်ခံက ရွှေဇီဝသဘာဝ မြေသြဇာထုတ်လုပ်မှု၊ သဘာဝမြေသြဇာ စမ်းသပ်ကွက် ကွင်းဆင်းဆောင်ရွက်မှုအခြေအနေနှင့် ၂၀၂၃ခုနှစ်အတွက် မျှော်မှန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း၊ တောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သဘာဝမြေသြဇာရရှိစေရေး သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် သဘာဝမြေသြဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုစိုက်ပျိုးခြင်းကို အားပေးကူညီရန်နှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေရေး ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)