တန့်ယန်း ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် တာဝန်ရှိသူတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မြို့နယ်ဥပဒေရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မွေး/ကုဌာနနှင့် တာဝန်ရှိ ဌာနများက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြကြောင်းနှင့် ဒေသခံပြည်သူလူထုတို့၏ တင်ပြချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ယင်းအပြင် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးကိုလည်း ဆောင်ရွက်ထိုးနှံပေးခဲ့ကြကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)