ထန်းတပင်(ရန်ကုန်) ဇွန် ၂၂
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်း စိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းတို့က စိုက်ပျိုးသွားမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ(၃၂၄)ဦးတို့က ကျွန်း(၁၂၅)ပင်၊ ပိတောက် (၇၀)ပင်၊ မဟောဂနီ(၅၀)ပင်၊ ခရေ (၇၀)ပင်၊ ထိုင်ဝမ်ဘန်ဒါ(၆၂)ပင်၊ မန်ဂျန်ရှား (၁၂၀)ပင်၊ မအူ(၁၅၀)ပင်၊ ပျဉ်းမ(၅၀)ပင်နှင့် ပျဉ်းကတိုး(၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၇၄၇)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)