မိုင်းယု ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ စည်ပင်သာယာ ရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့စည်ပင် သာယာရေးဌာနမှ သိရသည်။
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဒုတိယဦးစီးမှူး ဦးသီဟသူက ကွန်ကရစ်လမ်း အရည်အသွေး ကောင်းမွန်ပြီး လုပ်ငန်းများအချိန်မီပြီးစီးအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ မြို့ပတ်လမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ရှစ်သန်း ကျော်ခန့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အရှည် ၁၆၀ ပေ၊ အကျယ် ၁၂ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။
ယင်းမြို့ပတ်လမ်းနေရာသည် ကုန်းအတက်ဖြစ်၍ မိုးရာသီကာလ၌ လမ်းချော်မှုများရှိသဖြင့် သွားလာရခက်ခဲလျက်ရှိပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်ပြီးဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်နှင့် သွားလာရေး အဆင်ပြေကြကြောင်း သိရသည်။
အားချာ