တနိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

တနိုင်း ဇွန် ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန် -ကောင်ဂျာ ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက စာပေများဖတ်ရှုသည့် အလေ့ကျင့်များ ရရှိစေ ရန် စာပေ၏ အကျိုးကျေးဇူးများကို သိရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် ရှောင်ကြဉ်ရမည့် အချက်များနှင့် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများကို အသိ ပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျား ရောဂါကာကွယ်‌‌ရေး အသိပညာ‌ပေး နံရံကပ်စာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည်။

အလားတူ  တနိုင်းမြို့နယ် အခြေခံမူလတန်းလွန်-ဒူးကောင်းကျောင်းတွင်လည်း မွန်းလွဲ (၁) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး‌ပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲများကို ဆက်လက်ကျင်းပခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲများတွင် တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ပိုင်ထွန်း(တနိုင်း)