လဲချား ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သီဟဟိဏ်းနှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်း ရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ နှင့် အသက်(၁၀)နှစ်နှင့်အထက်ရှိ ကျောင်းသားကျောင်းသူများ၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ်(စနေ၊တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်မပါ) နံနက် (၉နာရီမှညနေ ၄နာရီခွဲအထိ သတ်မှတ် စုရပ်နေရာများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာများရှိ ကျောင်းသားကျောင်းသူများအား သွားလာရေးလွယ်ကူပြီး Internet line ကောင်းမွန်သည့်ကျေးရွာအုပ်စုတွင် စုစည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကာအချက် အလက်များ ကောက်ယူရန်လာရောက်ဆောင်ရွက်သူများသည် နိုင်ငံသားစိစစ်ရေး ကတ်ပြား များယူဆောင်လာရမည်ဖြစ်သည်။
ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)